စိန်ဗေဒါ၏ အမည်ရင်းမှာ ကိုမောင်ကလေး ဖြစ်သည်။ သူသည် ဆိုင်းဆရာကြီးဆရာဖေနှင့် နန်းတွင်းသူ ဒေါ်မမလေးတို့၏သားဖြစ်ပြီး သီပေါမင်း ပါတော်မူခါနီး သုံးနှစ်အလို ၁၂၄၄ ခုနှစ်တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့သည်။ ဖခင်မှာ သီပေါမင်း၏ အထူးမြှောက်စားခြင်းခံရသော ဆိုင်းဆရာကြီး ဖြစ်သည်။ ၄င်းအား သိုင်းအလံလေးချက်၊ 'ဘွဲ့ဖြူ' စိန်ဆိုင်းဝိုင်းတစ်စုံနှင့် ဆိုင်းဝိုင်းအထက် တွင် တပ်ဆင်ရန် ဖန်ပဒိုင်းများကို ချီးမြှင့်ခဲ့သည်။ ထို့အပြင် နေမျိုးကျော်ခေါင်ဘွဲ့ပေးအပ်၍ ပလိပ်မြို့အနီးရှိ ဆီဆုံရွာကို စားစေခဲ့၏။ မန္တလေးတွင် နေထိုင်ရန်လည်း မြေနေရာ ပေးခဲ့၏။
ကိုမောင်ကလေးသည် ဂီတဘက်၌ ပါရမီဓာတ်ခံရှိသူဖြစ်သဖြင့် ငယ်စဉ်ကလေးဘဝကပင် ၁၂ လုံးဒိုးခေါ် နရီကို တီးနိုင်စွမ်း ရှိသည်။ သူသည် ဖခင်ထံ၌သာမက ဆရာပေ၊ ဦးကျော်ဇံ အစရှိသော ဆိုင်းဆရာကြီးများထံ၌ ဆိုင်းပညာကို သင်ကြားခဲ့၏။ ၁၆ နှစ်သားအရွယ်လောက်တွင် ဆိုင်းခေါင်းဆောင် ဖြစ်လာခဲ့သည်။
သူသည် မကြာခင်မှာပင် ရန်ကုန်သို့ ဆင်းလာကာ ဘုရားဒကာကြီး၊ ဇာတ်ဆရာဦးဖိုးစိန် ဖြစ်လာ မည့် ကိုဘိုးစိန်နှင့် တွဲဖက်မိလေ၏။ သူ ဆိုင်းတီးလျှင် ကိုဘိုးစိန်က ဆိုင်းမင်းသားလုပ်၍ ကလေရာ ပရိသတ်များ လွန်စွာမှ နှစ်ခြိုက်ကြလေသည်။ သူတို့နှစ်ဦးမှာ သက်တူရွယ်မျှဖြစ်ပြီး လွန်စွာမှ တွဲဖက်ညီလှ သည်။ ၎င်းတို့နှစ်ဦးတွဲ၍ကလေ့ရှိသည်မှာ 'စူဠသမ္ဘာဝ-မဟာသမ္ဘာဝ'ဇာတ် ဖြစ်လေသည်။ ထိုဇာတ် ကလေ တိုင်း ကိုမောင်ကလေးက ပတ်သွားခေါ် လက်ကွက်စိပ်စိပ်တီးရင်း.....
"ဗေဒါ...ဗေဒါ...နင့်ဘူးကို ဘယ်သူချဲ့တယ်...ပြောဟဲ့ဗေဒါ...မိဗေဒါ"
အစချီသော သီချင်းကိုတီးရသည်။ သူ့လက်သံကို ရန်ကုန်လူထုပရိသတ်အပေါင်းက များစွာမှ နှစ်သက်ကြသည်။ ထို့ကြောင့် သူ့နာမည်ရှေ့၌ "ဗေဒါမောင်ကလေး" ဟူ၍ ဝိဂြိုဟ်ပြုခေါ်ဝေါ်ကြ ကုန်၏။ ကိုမောင်ကလေး မန္တလေးသို့ ပြန်သွားသောအခါ ၎င်း၏သတင်းမှာ ပို၍ ပျံ့နှံ့သွားလေသည်။ မန္တလေးလူထုပရိသတ်အပေါင်းက စိန်ဆိုင်းအမှုထမ်းဖြစ်သော ဆရာဖေ၏သားဖြစ်နေသည်ကို အစွဲပြု၍ 'ဗေဒါ'ရှေ့တွင် 'စိန်' တစ်လုံးကို ထပ်မံဖြည့်စွက်ကာ ချီးကျူးမှည့်ခေါ်ကြလေသည်။ ထိုမှအစပြု၍ 'စိန်ဗေဒါ' ဖြစ်လာကာ ကိုမောင်ကလေးအမည် ကွယ်ပျောက်သွားလေ၏။
(ရွာစားကြီးစိန်ဗေဒါသည် ခေတ္တနေထိုင်ရာ ရန်ကုန်မြို့၊ ရွှေတောင်တန်းလမ်း၊ အိမ်အမှတ် ၅၂- ၌ ၁၃၀၄ ခု၊ တော်သလင်းလဆုတ် ၁၄ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။)
နန္ဒာမိုးကြယ်(သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက် ၁၀၀)
No comments:
Post a Comment