Monday, July 2, 2012

ဖက်ဆစ်ဂျပန်နဲ့ နယ်ချဲ့အင်္ဂလိပ်တို့ ဗိုလ်ချုပ်ကို ဘယ်လိုရှုမြင်ခဲ့ကြသလဲ

   မြန်မာတို့အပေါ် ဖက်ဆစ်စနစ်ဖြင့် ဗိုလ်ကျစိုးမိုးခဲ့သော ဂျပန်များ၊ မြန်မာနိုင်ငံအား ကိုလိုနီနယ်ချဲ့ကာ ကျွန်ပြုခဲ့သော အင်္ဂလိပ်မျက်နှာဖြူတို့မှ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ရှုမြင်သုံးသပ်ပုံကို တင်ပြလိုပေသည်။
    ဂျပန်ဗိုလ်မှူးကြီး ဆူဇူကီးက...
    "အောင်ဆန်းသည် အကြွင်းမဲ့ ရိုးသားသည်၊ သူသည် သတ္တိဗျတ္တိနှင့် ပြည့်စုံသော စစ်ခေါင်းဆောင် လည်း ဖြစ်သည်၊ မျိုးချစ်စိတ်လည်း ပြင်းထန်သည်၊ ထို့ကြောင့် ငါတို့ဂျပန်များသည် သူ့ကို လေးစားသည်။"
     ဂျပန်စစ်သေနာပတိ ဂျင်နရယ်အီဒါးက အစည်းအဝေးအပြီး၌ ဒေါက်တာဘမော်အား...

   "အောင်ဆန်းဟာ ငွေကို မမက်မောဘူး၊ အာဏာတန်ခိုးကိုလည်း မမက်မောဘူး၊ တစ်ကိုယ်ကောင်း လုံးဝ မဆန်တဲ့အပြင် ဖြောင့်မတ်တည်ကြည်သူဖြစ်လေတော့ ကျုပ်တို့ဂျပန်တပ်မတော်တစ်ခုလုံးဟာ အောင်ဆန်း ကို လေးစားကြတယ်။"
     ...ဟူ၍ ထုတ်ဖေါ်ပြောကြားခဲ့၏။ ထိုအစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းသည် ဖြစ်သလိုပင် ဝတ်စား လာခဲ့သည်။ သည့်အတွက် ဂျပန်ဗိုလ်မှူးကြီးဟီရာအိုကာ က....
     "အောင်ဆန်းဝတ်လာတဲ့ ကြေမွနေတဲ့ စစ်အင်္ကျီအစုတ်ကို တွေ့ရတော့ ဂျပန်အရာရှိကြီးတွေက သူ့ကို သိပ်လေးစားသွားကြတယ်၊ ဒီလိုအဝတ်အစား၊ ယူနီဖေါင်းကို ဖြစ်သလိုဝတ်ထားပုံ ကျုပ်တို့စစ်သားတွေနဲ့ တူနေတယ်၊ ပြီးတော့ အောင်ဆန်းဟာ စကားပြောရာမှာ ပြောသင့်တာလောက် နည်းနည်းပါးပါး ပြော ပြီး နှုတ်ဆိတ်နေတာကိုလည်း သဘောကျတယ်၊ ဒီလို ယူနီဖေါင်းအစုတ်အပြဲ ဝတ်ထားတာနဲ့ စကားနည်း တာကတော့ စိတ်ထားဖြူစင်တဲ့ ကျုပ်တို့ ဆာမူရိုင်းသူရဲကောင်းတွေရဲ့ အမှတ်လက္ခဏာတစ်ခုမို့ ဒါတွေကို ကျုပ်တို့ဂျပန်တွေက အလွန်တန်ဖိုးထားကြတယ်၊ ဒါတွေကိုထောက်ပြီး အောင်ဆန်းဟာ တို့အထဲကလူပါ၊ တို့လိုပါပဲ၊ သူဟာ တို့ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။"
     ဂျပန်များ ဆုတ်ခွာပြီး ဗိုလ်ချုပ်တို့ မိတ္ထီလာစခန်းမှာ တွေ့ဆုံဆွေးနွေးကြစဉ် ဖီးလ်မာရှယ် စလင်းက...
   "ကျွန်ုပ်သည် အောင်ဆန်းကို လေးစားမိသည်၊ ကျွန်ုပ်ထင်သကဲ့သို့ သူသည် ကိုယ်ကျိုးရှာ တာဝန်မဲ့ ပြောက်ကျားခေါင်းဆောင် မဟုတ်ပေ၊ သူသည် မျိုးချစ်ပုဂ္ဂိုလ်အစစ်ဖြစ်၍ စိတ်ကူးယဉ်သမား မဟုတ်ပေ၊ လက်တွေ့သမား ဖြစ်သည်၊ သူသည် အလွန် ရိုးသားသည်၊ သူသည် ပေးခဲ့ပြီးသော ကတိအတိုင်းလည်း တည်မည်ဟု ယုံကြည်ရသည်၊ ကျွန်ုပ်သည် အောင်ဆန်းနှင့် အလုပ်ဖြစ်သည်။"။      ။
                   
                                                                                                                        (နန္ဒာမိုးကြယ်)

No comments:

Post a Comment