၂၀၀၉ ခု၊ ဇူလိုင်လ(၁၅)ရက်နေ့တွင် ဂျီနီဗာမြို့၌အခြေစိုက်သော နိုင်ငံတကာဘာသာပေါင်းစုံ မဟာမိတ်ဖြစ်ပေါ်တိုးတက်ရေးအသင်းကြီး(ICARUS)က နိုင်ငံတကာမှ ဘာသာရေးဦးဆောင်မှုပြုသူများ အား ဖိတ်ကြား၍ မိမိတို့ကိုးကွယ်ရာဘာသာအကြောင်း ဆွေးနွေးစေခဲ့သည်။ ထို့နောက် ဆွေးနွေးခဲ့သည့် ကိုးကွယ်ရာဘာသာအသီးသီးမှ ကမ္ဘာ့အမွန်မြတ်ဆုံးဘာသာကို မဲဆန္ဒပေး၍ ရွေးချယ်ခဲ့ကြသည်။
ထိုဆွေးနွေးပွဲကြီးသို့ ကမ္ဘာအရပ်ရပ်မှ ဘာသာရေးခေါင်းဆောင် (၂၀၀)ကျော် တက်ရောက်ခဲ့သည်။ ထို(ICARUS)အသင်းကြီးတွင် ဗုဒ္ဓဘာသာအသင်းဝင်အရေအတွက်မှာ မဖြစ်စလောက်အနည်းငယ်သာ ပါဝင်သည်။
သို့သော် စားပွဲဝိုင်းဆွေးနွေးပြီးနောက် ကမ္ဘာ့အမွန်မြတ်ဆုံးကိုးကွယ်ရာဘာသာကို မဲပေးဆုံးဖြတ်ကြ ရာတွင် မယုံကြည်နိုင်ဘွယ်ကောင်းလောက်အောင်ပင် ဗုဒ္ဓဘာသာက ကမ္ဘာတွင် အမွန်မြတ်ဆုံးကိုးကွယ် ရာဘာသာအဖြစ် မဲဆန္ဒပေးခြင်းခံရသည်။ အံ့သြဖွယ်ကောင်းသည်မှာ အခြား၊ အခြားသောဘာသာရေး ခေါင်းဆောင်များသည် မိမိတို့ကိုးကွယ်ရာဘာသာကို မဲဆန္ဒမပေးဘဲ ဗုဒ္ဓဘာသာ ကို မဲဆန္ဒပေးခြင်းဖြစ်ပါသည်။ ဤသို့မဲဆန္ဒပြုရခြင်းနှင့်ပတ်သက်၍ ဘာသာရေးခေါင်းဆောင်များ၏ဝေဖန် သုံးသပ်မှုမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။
ထို(ICARUS)အဖွဲ့ကြီး၏ သုတေသနဌာန ညွှန်ကြားရေးမှူးဖြစ်သူ ဂျိုနာဟသ်(Jonna Hult)က "ဗုဒ္ဓ ဘာသာဟာ ကမ္ဘာ့အမွန်မြတ်ဆုံးကိုးကွယ်ရာဘာသာဖြစ်လာတာ အံ့သြစရာကိစ္စ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခြား၊အခြားသောဘာသာတွေမှာ ဘာသာရေးစစ်ပွဲတွေ ဖြစ်ခဲ့ပေမဲ့ ဗုဒ္ဓဘာသာနဲ့ ဆိုင်တဲ့ဘာသာရေးစစ်ပွဲဆိုတာ ဘယ်စာပေကျမ်းဂန်မှာမှ အရိပ်အမြွတ်တောင် မတွေ့ခဲ့ရလို့ပါဘဲ။ အခြား၊ အခြားသောဘာသာတွေမှာ ကိုးကွယ်ရာဘုရားသခင်က အမှားတစ်ခုလုပ်ခဲ့ရင် တိုက်ခိုက်ဖို့လက်နက်ကို အသင့်ပြင်ထားရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာရေးအတွက် စစ်ရေးမပြင်ပါဘူး။ အခြား အခြားသောဘာသာဝင်တွေမှာ မတွေ့ရတဲ့ငြိမ်းချမ်းရေးလမ်းစဉ်ကို ဗုဒ္ဓဘာသာဝင်တွေ လိုက်နာလေ့ကျင့်နေလို့ပါပဲ" ဟု ထုတ်ဖေါ်ပြောခဲ့သည်။
ကက်သိုလိပ်ဘာသာ ဘုန်းတော်ကြီးဖြစ်သော ဘဲလ်ဖတ်(Belfast)မှ ဖာသာတက်အိုရှောင်နက်ဆီ (Father Ted O' Shaughnessy)က "ကျုပ်က ကက်သိုလိပ်ဘုရားကျောင်းကို ချစ်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့က လူသားအချင်းချင်းသတ်ဖြတ်ရတဲ့အခါ ဒါဟာ ဘုရားသခင်ရဲ့အလိုတော်ကျဖြစ်တယ်လို့ ပြောရ ပြီး ကျမ်းစာထဲမှာပါတဲ့ ချစ်ခြင်းမေတ္တာတရားတွေကိုတော့ မဆုံးနိုင်အောင် ဟောပြောပို့ချနေရတယ်။ ဒီအချက်က ကျုပ်စိတ်ထဲမှာ ဘဝင်မကျဘူး။ ဒါကြောင့် ကျုပ်ရဲ့ဆန္ဒမဲကို ဗုဒ္ဓဘာသာကို ပေးလိုက်ရတယ်" ဟု ဖွင့်ဆိုခဲ့သည်။
ပါကစ္စတန်နိုင်ငံမှ မူဆလင်ဘာသာရေးခေါင်းဆောင် တလ်ဗင်ဝါဆက်(Tal Bin Wassad)ကလည်း သူ၏စကားပြန်မှတဆင့် ပြောရာတွင် "ကျွန်တော်က မူဆလင်ဘာသာကို ယုံကြည်ကိုးကွယ်သူပါ။ ဒါပေမဲ့ မူဆလင်ဘာသာမှာပုဂ္ဂိုလ်ရေးထက်ဘာသာရေးပေါ်မှာအခြေခံပြီး သွေးမြေကျမှုတွေ၊ ဒေါသအာဃာတ များမှုတွေ ဖြစ်ခဲ့တယ်။ ဗုဒ္ဓဘာသာမှာ ဒါတွေမရှိခဲ့ဘူး" ဟုပြောပြီး ဆက်လက်၍ သူက "ကျွန်တော့်ရဲ့ အကောင်းဆုံးမိတ်ဆွေတစ်ချို့ဟာ ဗုဒ္ဓဘာသာဝင်တွေပါ" ဟု ဆက်ပြောပါသည်။
ဂျေရုဆလင်မြို့မှ ဂျူးဘာသာခေါင်းဆောင် ရက်ဘီရှမြူရယ်ဝက်ဆာတိန်းက "ဟုတ်ပါတယ်။ ကျွန်တော် ဂျူးအယူဝါဒ(Judaism) ချစ်ပါတယ်။ ဂျူးဝါဒဟာ ကမ္ဘာ့အကောင်းဆုံးဝါဒလို့ ထင်ပါတယ်။ ဒါပေမဲ့ ရိုးသားစွာပြောရမယ်ဆိုရင် ကျွန်တော်ဟာ နေ့စဉ် ဂျူးဘာသာကိုးကွယ်ဆုတောင်းမှုလုပ်ပြီးတိုင်း ဗုဒ္ဓဘာသာဝိပဿနာတရားကျင့်ကြံမှုလုပ်လာတာ ၁၉၉၃ ခုကနေ ယနေ့အထိပါပဲ" ဟု ထုတ်ဖေါ်ပြောပြ ပါသည်။
"ကမ္ဘာ့အမွန်မြတ်ဆုံးကိုးကွယ်ရာဘာသာ"အဖြစ် ဤသို့လျှင် ဗုဒ္ဓဘာသာကို မဲပေးဆုံးဖြတ်ခဲ့ကြပြီး ဆုချီးမြှင့်မည်ပြုရာ ဗုဒ္ဓဘာသာအသင်းဝင်များက ဆုကို လက်မခံနိုင်ကြောင်း ပြောဆိုကြပါသည်။ အကြောင်းကိုမေးမြန်းရာ ဗုဒ္ဓဘာသာရဟန်းတော်ကြီးဖြစ်သော မြန်မာပြည်မှ ဘန္တေဂူရထဟန္တ (Bhante Ghurata Hanta)က "ခုလိုအသိအမှတ်ပြုခံရတာကဘဲ ကျေးဇူးကြီးလှပါပြီ။ အခုပေးအပ်တဲ့ဆုကို လူသား မျိုးနွယ်အားလုံးကိုပဲ ခွဲဝေပေးပါ။ ကျုပ်တို့ဗုဒ္ဓဘာသာဝင်အားလုံးရဲ့ရင်ထဲမှာ ဗုဒ္ဓရဲ့စွန့်ကြဲခြင်းတရား ကိန်းဝပ်နေပါတယ်။ ဒီဆုကို လက်ခံချင်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ဦးတစ်ယောက်များ ရှိလိုရှိငြား အနှံ့အပြား ရှာကြည့်ပါမယ်။ တွေ့ခဲ့ရင်တော့ ခင်ဗျားတို့ကို ပြန်ပြောပါ့မယ်" ဟု မိန့်ကြားတော်မူပါသည်။
အထက်ပါအကြောင်းအရာများသည် ရန်ကုန်မြို့၊ မဟာစည်ဗုဒ္ဓဘာသာသာသနာ့နုဂ္ဂဟအသင်း ဥက္ကဌ ထံမှရရှိသော (ICARUS)အသင်းကြီး၏ အီးမေးလ်များ ဖြစ်ပါသည်။
စာရှုသူများ ဓမ္မပီတိဖြစ်စေရန် ထပ်ဆင့်ဖော်ပြအပ်ပါသည်။
From : "Ng" < mettang@gmail.com >
Sent : Monday, July 20,2009 10:10 PM
Attach : ATT00166.htm
Subject : Buddhism won "The Best Religion In The World Award"