Sunday, August 12, 2012

သမိုင်းအစဉ်အလာကို စောင့်ထိန်းလျက်ရှိသော တပ်မတော်

    မြန်မာနိုင်ငံတော်၏သမိုင်းကို မော်ကွန်းတင်ရာတွင် တပ်မတော်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပေ သည်။ နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ၊ ရေထု၊ မြေထု၊ လေထုပိုင်နက်၊ ပြည်သူ တစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် တပ်မတော်သည် မရှိမဖြစ် လိုအပ်သော အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။ မြန်မာနိုင်ငံတော်သမိုင်းကြောင်းကို လေ့လာဆန်းစစ်ကြည့် မည်ဆိုလျှင် မြန်မာနိုင်ငံသမိုင်းဖြစ်စဉ်များသည် မြန်မာ့တပ်မတော်၏သမိုင်းဖြစ်စဉ်များနှင့် တဆက်တစပ် တည်း ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
     မြန်မာနိုင်ငံသည် နှစ်ပေါင်းရာထောင်ချီ၍ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်း၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဖြင့် ခံ့ခံ့ထည်ထည် ရပ်တည်ခဲ့သောနိုင်ငံ ဖြစ်သည်။ တိုင်းရင်းသားသွေးစည်းညီညွတ်မှုဖြင့် မင်းနှင့်ပြည်သူ ကြည်ဖြူခဲ့ကြရာ အနော်ရထာမင်း၏ပထမမြန်မာနိုင်ငံတော်၊ ဘုရင့်နောင်၏ဒုတိယမြန်မာနိုင်ငံတော်၊
အလောင်းဘုရား၏တတိယမြန်မာနိုင်ငံတော်တို့သည် အေးချမ်းသာယာပြီး စည်ပင်ဝပြောခဲ့သည်။ ပိုင်နက် နယ်မြေ ကျယ်ဝန်းခဲ့သည်။ ယင်းသို့ စည်ပင်ဝပြော၍ ပိုင်နက်နယ်မြေ ကျယ်ဝန်းရခြင်း၏ အခြေခံ သဘော တရားမှာ တပ်မတော်ကို မဏ္ဍိုင်ပြု၍ ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်ကို ဝိုင်းဝန်းတည်ဆောက်ခြင်း၊ ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ခြင်းတို့ကြောင့်ဟု ကောက်ချက်ချရမည်ဖြစ်သည်။
       သို့သော် နယ်ချဲ့တို့ဖန်တီးခဲ့သည့် ကျူးကျော်စစ်သုံးကြိမ်ကြောင့် နှစ်ပေါင်းထောင်ချီ၍ တည်တံ့ခိုင်မြဲ ခဲ့သည့် မြန်မာ့အချုပ်အခြာအာဏာမှာ ယိုယွင်းပျက်သုဉ်းခဲ့ရသည်။ သူ့ကျွန်ဘဝသို့ နှစ်ပေါင်း ၁၂၀ ကျော် ကျရောက်ခဲ့ရသည့်ကာလအတွင်း တိုင်းရင်းသားပြည်သူတို့၏ ငုံ့မခံဘဲ တုန့်ပြန်တော်လှန်ခဲ့ကြသည့် တော်လှန်ရေးတိုက်ပွဲများသည် တရစပ်ဖြစ်ပွားခဲ့သည်။ ဤတော်လှန်ရေးများ သည် မြန်မာပြည်မတစ်ခုတည်းသာမက ပြည်နယ်တိုင်အောင်၊ တစ်ဖန် ပြည်နယ်မှလွန်၍ ပြည်စွန်ပြည်ဖျား တိုင် ရောက်ရှိပျံ့နှံ့ခဲ့ကြောင်းကို နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းစာမျက်နှာများအတွင်း ထင်ရှားစွာ တွေ့မြင်ရ မည်ဖြစ်ပေသည်။
       နယ်ချဲ့တော်လှန်ရေး တိုင်းရင်းသားခေါင်းဆောင်ကြီးများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အမျိုးသားရေးတာဝန်အဖြစ် သမိုင်းမော်ကွန်းတင်နိုင်ခဲ့ကြသည်။ မျိုးချစ်စိတ်ဓာတ်ကို မျိုးဆက်သစ်များသို့ လည်း ဆင့်ကဲပခုံးပြောင်းတာဝန်လွှဲအပ်ခဲ့ကြသည်။
         ထိုမျိုးချစ်စိတ်ဓာတ်များအရ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေနှင့် ကုမ္မာရီအသင်းများ၊ အမျိုးသားကျောင်း များ ပေါ်ပေါက်လာခြင်းနှင့်အတူ ကျောင်းသားသပိတ်များ၊ ဆရာစံတောင်သူလယ်သမားအရေးတော်ပုံ၊ ၁၃၀၀ ပြည့်အရေးတော်ပုံစသည့် တစ်နိုင်ငံလုံး၏အမျိုးသားရေးလှုပ်ရှားမှုကြီးများသည် နိုင်ငံတော်ကို လွတ်လပ်စေလိုသည့် တိုင်းရင်းသားအပေါင်း၏ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ သမိုင်းစဉ်အဖြစ် ရှင်သန်ထင်ကျန်ခဲ့ပေသည်။
         ၁၉၃၉ ခုနှစ်၊ ဒုတိယကမ္ဘာစစ်မီးတောက်လောင်ချိန်တွင် "အင်္ဂလိပ် အခက်၊ ဗမာ့အချက်" ဟူသော ကြွေးကြော်သံများ ပဲ့တင်ထပ်လာသည်။ လွတ်လပ်ရေးသည် တောင်းယူ၍မရ၊ တိုက်ယူမှရမည် ကို သိလာကြသော မျိုးချစ်လူငယ်သုံးဆယ်(ရဲဘော်သုံးကျိပ်)တို့သည် တိုင်းပြည်လွတ်လပ်ရေးဟူသည့် ပြတ်သားသော ဆုံးဖြတ်ချက်အတွက် ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်း တို့တွင် ပင်ပန်းဆင်းရဲခံပြီး စစ်ပညာသင်ကြားခဲ့ကြသည်။ ထို့နောက် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)ကို ဖွဲ့စည်းခဲ့ကြသည်။
      ဘီအိုင်အေမှ ဘီဒီအေ(ဗမာ့ကာကွယ်ရေးတပ်မတော်)၊ ထိုမှတစ်ဆင့် ဗမာ့တပ်မတော်(ဘီအင်န်အေ)၊ ထိုမှတဖန် မျိုးချစ်ဗမာ့တပ်မတော်(ပီဘီအက်ဖ်)အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ဘီအိုင်အေ တပ်မတော်သည် ဂျပန်တို့နှင့်ပူးပေါင်းကာ နယ်ချဲ့တို့ကို တိုက်ထုတ်ခဲ့ကြသည်။ တဖန် မိတ်ဆွေသဏ္ဌာန်မှ ဖက်ဆစ်မာန်ကြွကာ ရန်စဖိနှိပ်လာကြသော ဂျပန်တို့ကိုလည်း ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ပြည်သူတို့နှင့်အတူ ပြတ်ပြတ်သားသား တော်လှန်တိုက်ထုတ်ခဲ့ကြသည်။ ဖက်ဆစ်တော်လှန်ရေးဆင်နွှဲချိန်မှစပြီး တပ်မတော်သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရပ်တည်သော အမျိုးသားတပ်မတော်အဖြစ် ပီပီပြင်ပြင်ဖြစ်လာသည်။
      ကမ္ဘာစစ်ကြီးပြီးသည်နှင့် မြန်မာနိုင်ငံသို့ တစ်ကြော့ပန်ဝင်လာသည့် နယ်ချဲ့ဗြိတိသျှတို့ကလည်း ဖက်ဆစ်တော်လှန်ရေးကာလအတွင်း ကြီးထွားလာသော တပ်မတော်၏အင်အားကို စိုးရိမ်မကင်းဖြစ်လာ ပြန်သည်။ ထို့ကြောင့် တပ်မတော်၏အင်အားကို အရာရှိ ၂၀၀ နှင့် စစ်သည် ၂၂၀၀ သို့ လျှော့ချခဲ့သည်။ နယ်ချဲ့ကိုတော်လှန်ရင်း ကြီးထွားလာသည့်အင်အားကို ဖက်ဆစ်တို့က ဖြိုခွဲခြင်း၊ ဖက်ဆစ်ဂျပန်ကို တိုက်ခိုက်ရင်း သိပ်သည်းခိုင်မာလာသည့် တပ်မတော်ကို အင်္ဂလိပ်က ဖြိုခွဲခြင်းတို့ကို တပ်မတော်သည် ကြံ့ကြံ့ခိုင် ရင်ဆိုင်ရပ်တည်ခဲ့ပြီး လွတ်လပ်ရေးအတွက် ဦးတည်ရည်ရွယ်ချက်ဖြင့် မဆုတ်မနစ် ဆက်လက်ကြိုးပမ်းခဲ့သည်။ ဤသို့ဖြင့် နယ်ချဲ့ဗြိတိသျှတို့သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးကို ပြန်လည်ပေးအပ်ခဲ့ရသည်။ ယူနီယံဂျက်အလံကို ဖြုတ်ချ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို လွှင့်ထူနိုင်ခဲ့ကြသော လွတ်လပ်ရေးနေ့သည် တပ်မတော်နှင့် ပြည်သူတို့၏ သမိုင်းဝင်အောင်ပွဲနေ့ ဖြစ်သည်။
      မြန်မာ့တပ်မတော်၏ မည်သည့်နိုင်ငံ၊ မည်သည့်တပ်မတော်နှင့်မျှ မယှဉ်သာသောအချက်သည် နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော် သွေးစည်းညီညွတ်သည့် အစဉ်အလာကောင်းပင် ဖြစ်ပါသည်။ တပ်မတော်သည် ပြည်သူတို့၏ရင်နှစ်သည်းချာဖြစ်ပြီး ပြည်သူတို့၏ တစ်ခဲနက်ထောက်ခံအားပေးမှုကို ခံယူရရှိခြင်းမှာ သမိုင်းအစဉ်အလာတွင် ထင်သာမြင်သာရှိလှပေသည်။
     လွတ်လပ်ရေးရပြီးချိန်မှစ၍ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သော ရောင်စုံသောင်းကျန်းသူ တို့၏ရန်စွယ်ကို လှန်ပယ်နှိမ်နင်းခဲ့ရသောကာလနှင့် ၁၉၅၂ ခုနှစ်၊ ပြည်ပတရုတ်ဖြူ(ကူမင်တန်)များအား တိုက်ခိုက်မောင်းထုတ်ခဲ့ရသောကာလများတွင် တပ်မတော်မှ ဆောင်ရွက်ခဲ့သော စွန့်လွှတ်စွန့်စားမှုများ သည် ရာဇဝင်တွင် စာတင်နိုင်သည်အထိ ကြီးမားခဲ့ပေသည်။ တပ်မတော်သည် အစဉ်အလာကောင်း (၁၂) ရပ်နှင့်အညီ အခက်အခဲများကို ဖျက်လှဲကျော်လွှားဖြေရှင်းနိုင်ခဲ့သဖြင့် ယနေ့အထိ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
      ခြုံငုံသုံးသပ်၍ တင်ပြရသော် ၁၉၄၈-၄၉ လွတ်လပ်ပြီးခါစကာလ၊ ၁၉၅၈ ခုနှစ် ဖဆပလ အကွဲအပြဲ ကာလ၊ ၁၉၆၂ ခုနှစ် ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး အစိတ်စိတ်အမွှာမွှာကွဲမည့်ကာလ၊ ၁၉၈၈ ခုနှစ် အကြမ်းဖက်မင်းမဲ့စရိုက်များ လွှမ်းမိုး၍ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါးလာသည့်ကာလ များတွင် တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို အသက်ပေးကာကွယ်စောင့်ရှောက်နိုင်ခဲ့သည်။ ယခု အချိန်ထိလည်း ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတည်းဟူသော သုံးပါးသောတာဝန်ကို ဦးလည်မသုန် ထမ်းရွက်ချီတက်လျက် ရှိပေသည်။ သမိုင်းစဉ်တစ်လျှောက်လုံး နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးကိုသာ သယ်ပိုးထမ်းဆောင်ခဲ့သော တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ခဲ့သည်မှာ ခိုင်မာထင်ရှားလှပေသည်။
    သို့ဖြစ်ရာ နိုင်ငံတော်၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တည်းဟူသော ကာလသုံးပါးလုံးအတွက် ဦးတည်မပျက် ခရီးဆက်ကာ သမိုင်းအစဉ်အလာကို စောင့်ထိန်းလျက် တပ်မတော်သည် နိုင်ငံနှင့်ပြည်သူ့ အကျိုးကို ထမ်းရွက်သယ်ပိုးနေမည်ဖြစ်ကြောင်း ဖော်ပြရေးသားအပ်ပါသည်။    ။

                                                                                       အေးမျိုးကြည်

No comments:

Post a Comment